ဥပေက္ခာနဲ့ တွဲပါမှ ★ မေတ္တာပဲပွားပွား ကရုဏာပဲ ပွားပွား မုဒိတာပဲ ပွားပွား ဥပေက္ခာနဲ့ တွဲပွားမှ ပြည့်စုံနိုင်ပါတယ်။ ဥပေက္ခာ မပါတဲ့ မေတ္တာ ဥပေက္ခာ မပါတဲ့ ကရုဏာ ဥပေက္ခာ မပါတဲ့မုဒိတာဟာ စစ်မှန်ပြည့်ဝတဲ့ စိတ်အေးချမ်းမှုကို မပေးဘဲ လမ်းကြောင်းကောက်ကွေ့ အစွန်းရောက်တတ်ပါတယ်။ ★ မေတ္တာထားရာ မေတ္တာပွားရာမှာ ဥပေက္ခာမပါရင် မေတ္တာဟာ ရာဂဘက် အစွန်းရောက် သွားတတ်ပါတယ် ကရုဏာထားရာ ကရုဏာပွားရာမှာ ဥပေက္ခာမပါရင် ကရုဏာဟာ ဒေါသဘက် အစွန်းရောက်တတ်ပါတယ် မုဒိတာထားရာ မုဒိတာပွားရာမှာ ဥပေက္ခာမပါရင် မုဒိတာဟာ မာနဘက် အစွန်းရောက်တတ်ပါတယ်။ ★ အစွန်းရောက်သွားတဲ့ မေတ္တာ ကရုဏာ မုဒိတာက ကာယကံရှင်ကို ငြိမ်းအေးချမ်းမှုတွေ မပေးဘဲ စိုးရိမ်ပူပန်မှု သောက ၀မ်းနည်းပူဆွေးမှု ငိုကြွေးမှု ပရိဒေ၀ ကိုယ်ဆင်းရဲမှု ဒုက္ခ စိတ်ဆင်းရဲမှု ဒေါမနဿ အပြင်းအထန် ပူပန်မှု ဥပါယာသတွေပဲ ပေးပါလိမ့်မယ်။ ★ မေတ္တာနဲ့ ကိုယ်ကောင်းကျိုး ရစေချင်တိုင်းလည်း သူရတာမဟုတ် သူ့ကံရှိမှ သူရတာ ကရုဏာနဲ့ ကိုယ်ဆင်းရဲလွတ်စေချင်တိုင်းလည်း သူလွတ်တာ မဟုတ် သူ့ကံရှိမှ သူလွတ်တာ မုဒိတာနဲ့ ကိုယ်ချမ်းသာ မြဲစေချင်တိုင်းလည်း သူမြဲတာမဟုတ် သူ့ကံရှိမှ သူမြဲတာလို့ သူနဲ့ ကံတရား ကံတရားနဲ့သူ အကြောင်းအကျိုး ဆက်စပ်ပြီး လည်ပတ်နေတာကို အမြဲဆင်ခြင်ဉာဏ်သက်ဝင်ပြီး ထာဝစဉ် ကံသတိ ကံအသိ ရှိနေမယ်ဆိုရင် ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်မလာလို့မကျေမနပ် ဖြစ်ရတာတွေ ၀မ်းနည်းပန်းနည်း စိတ်ဆင်းရဲရတာတွေ ရှိမှာ မဟုတ်တော့ပါဘူး။ ★ မေတ္တာနဲ့ 'ကူ ' နိုင်တဲ့ကိစ္စ 'ကူ 'ပါ ၊ကရုဏာနဲ့ 'ထူ ' နိုင်တဲ့ ကိစ္စ' ထူ 'ပါ၊ မုဒိတာနဲ့ 'လူ' နိုင်တဲ့ ကိစ္စ 'လူ' ပါ။မကူနိုင် မထူနိုင် မလူနိုင် တဲ့ ကိစ္စမျိုးတွေ ၊ကူတိုင်းမဖြစ် ၊ထူတိုင်းမဖြစ် ၊လူတိုင်း မဖြစ်တဲ့၊ ကိစ္စမျိုးတွေမှာတော့ 'ကူ ' မနေပါနဲ့ ၊'ထူ ' မနေပါနဲ့ ၊'လူ' မနေပါနဲ့။ 'ကူ ' 'ထူ ' 'လူ' နေရင် 'ပူ' ရုံ'ငူ' ရုံ 'ဆူ' ရုံ 'ညူ ' ရုံပဲ ရှိပါလိမ့်မယ်။ သူထိုက်နဲ့ သူ့ကံပဲလို့ ကံတရားဘက်ကိုပဲ မျက်နှာ မူနေလိုက်ပါတော့။ (အရှင်ဆန္ဒာဓိက) (မြင့်မြတ်သော ဥပေက္ခာစာအုပ်မှ)
ไม่มีความคิดเห็น:
แสดงความคิดเห็น