"အထင်ကြီးတာ အထင်သေးတာဆိုတာ မာနပါ" ★ များသောအားဖြင့် ပစ္စည်းဥစ္စာတို့ ရာထူးတို့ရှိလာတဲ့အခါမှာ လူက မာနတော်တော်ကြီးလာတယ်။ မာနကြီးလာတာကို Psychic inflation လို့ခေါ်တယ်။ ဘ၀င်မြင့်သွားတာတို့ မာနကြီးသွားတာတို့ဆိုတာဟာ အတွင်းမှာ Empty ဖြစ်နေတဲ့ သဘောကို ထပ်ဟပ်ပြတာပဲ။ Empty ဖြစ်တဲ့ လက္ခာဏာကိုပြတာပဲ။ ★ ကိုယ့်ကိုယ်ကို လူတစ်ယောက်အနေနဲ့ တန်ဖိုးရှိတယ်လို့ တကယ် မယုံကြည်ပဲနဲ့ စိတ်ထဲမှာ နည်းနည်းသံသယ ရှိတဲ့သူဟာ ပြင်ပအရာတွေကို မှီပြီးတော့ အဲ့ဒီအရာတွေ အားကိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ပြချင်တယ်။ အဲ့သလိုပြချင်တဲ့အခါမှာ မာနကြီးလာတာပဲ။ ★ မာနကြီးတယ်ဆိုတာကိုက သူ့ကိုယ့်သူ ယုံကြည်မှုမရှိဘူး ဆိုတာကိုပြတာပါပဲ။ ဒါတော်တော်လေး စဉ်းစားဖို့ကောင်းတဲ့ အချက်ပဲ။ မာန်မာန ကြီးကြီးနဲ့နေပြလိုက်တာဟာ အမှန်တော့ သူ့ရင်ထဲမှာ ကြိတ်ပြီးတော့ ဖြစ်နေတဲ့ လူအထင်မကြီးမှာ ကြောက်တဲ့စိတ်ကို ဖုံးလိုက်တဲ့ လုပ်နည်းလုပ်ဟန် တစ်မျိုးဖြစ်တယ်။ စိတ်ဓာတ် အင်အားပျော့ညံ့တဲ့သူ စစ်မှန်တဲ့သတ္တိ မရှိတဲ့သူဟာ သူတစ်ပါးကို အနိုင်ကျင့်တဲ့သူ ဖြစ်လာတယ်။ ★ ကိုယ့်ကိုယ်ကို အဆင့်အတန်းမြင့်တဲ့လူတစ်ယောက်လို့ မှန်မှန်ကန်ကန် မခံစားရတဲ့သူဟာ လူကြွားကြီး ဖြစ်လာတယ်။ ကြွားတာဟာ လူအထင်မကြီးမှာ ကြောက်လို့။ အဲ့ဒါကို နားလည်ဖို့ လိုတယ်။ မာနကြီးတာ မကောင်းသလို ကိုယ့်ကိုယ်ကို ကိုယ် အထင်သေးနေတာလည်း မကောင်းပါဘူး။ ★ ကိုယ့်ကိုယ်ကို အထင်သေးနေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ကျေနပ်မှု မရနိုင်ဘူး။ ဒါကြောင့်ကိုယ့်ကိုယ်ကို အထင်သေးတာလဲ မကောင်းဘူး မတရားမာန ကြီးတာလဲမကောင်းဘူး။ ဒီနှစ်ခုလုံးကိုနာလည်ဖို့ အင်မတန် အရေးကြီးတယ်။ ★ တချို့လူတွေ ကိုယ်ကိုယ်ကို အမြဲတမ်း အပြစ်တင်နေတယ်။ "ငါအလကားလူပဲ ငါ အသုံးမကျဘူး" ဆိုပြီးပြောနေတတ်တယ်။သူ့စိတ်ထဲမှာက သူ့ကိုယ်သူ အဲသလိုပြောလိုက်ရင် "ငါ့ကိုယ်ငါ ဒီလောက်တောင် အမသုံးမကျမှန်းသိတဲ့သူဆိုတော့ ငါတော်တော် တော်တဲ့သူပဲ"ဆိုတဲ့ အဓိပ္ပာယ် ပေါက်နေပြန်တယ်။ (ဘ၀င်က မြင့်သွားပြန်ရော) အဲ့ဒါသူ့ကိုယ်သူ အထင်သေးနေတဲ့ စိတ်ကို တန်ပြန်အနေနဲ့ သူ့ကိုယ်သူ မြှင့်လိုက်တဲ့သဘောမျိုး ဖြစ်သွားပြန်တယ်။ ဒါက အကောင်းဆုံးနည်းနဲ့ ကိုယ့်ကိုယ်ကို မြှင့်တာ မဟုတ်ဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ရှုတ်ချနေတာမျိုးမလုပ်သင့်ဘူး။ ★ ကိုယ့်ကိုယ်ကို ရှုတ်ချနေတာ အပြစ်တင်နေတာဟာ မာနကို ပုံဖျက်ထားတာ တစ်မျိုးပဲ။ မာန တစ်မျိုးပဲ။ ကိုယ့်ကိုယ်ကို ရှုတ်ချနေတဲ့ လူဟာ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ မာနကြီးတဲ့သူပဲ။ ဒါကတော်တော်နားလည်ရခက်ပေမယ့် နားလည်လိုက်ရင်တော့ တော်တော် ကို သိမ်မွေ့တဲ့ အသိတစ်မျိုး ကိုရနိုင်ပါတယ်။ (ဆရာတော် ဦးဇောတိက) (ဘာကိုတန်ဖိုးထားရမလဲ စာအုပ်မှ)
ไม่มีความคิดเห็น:
แสดงความคิดเห็น