စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။ စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့၊ စိတ်ပြေးရင် ပြေးမှန်း၊ တွေးရင် တွေးမှန်း၊ စိတ်ကူးရင် စိတ်ကူးမှန်း၊ ကြံရင် ကြံမှန်း သိနေရုံပဲ။ သိရင်တော်ပြီ... တည်ငြိမ်အောင် လုပ်တာမဟုတ်ဘူး တည်ငြိမ်လို့ ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးဘူး။ တည်တာကို ကောင်းတယ် ထင်ပြီးတော့လည်း မစွဲလမ်းရဘူး၊ ပျံ့လွင့်တာကို မကောင်းဘူး ထင်ပြီးတော့လည်း စိတ်မပျက်ရဘူး၊ သိနေဖို့ပဲ... ကောင်းကောင်း မကောင်းကောင်း တည်တာလည်းသိ၊ မတည်တာလည်း သိရမယ်။ ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး။ ■■■■■■■■■■■■■■■■■■■ ရောဂါ နဲ့ ဝေဒနာ •••••••••••••••• ရောဂါနဲ့ဝေဒနာကို ကွဲအောင်ကြည့်ပါ။ ကိုယ်ထဲမှာနာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ အဲဒါက ရောဂါ ။ အဲဒီ ကိုယ့်အနာရောဂါကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာက ဝေဒနာ (ခံစားချက်)။ ဖောက်ပြန်နေတဲ့ရောဂါကိုချည်း သွားကြည့်နေရင် သိပ်အခံရခက်တယ်။ စိတ်ထဲမှာ မခံသာတဲ့ဝေဒနာ (ခံစားချက်)ကို ကြည့်ပေးပါ။ မခံသာတဲ့ဝေဒနာ သပ်သပ်၊ ရောဂါက သပ်သပ်။ မခံသာတဲ့စိတ်ကို ရှုကြည့်နေရင် ကိုယ်မှာ နာနေတာနဲ့ မဆိုင်တော့ဘူး။ သူများဖြစ်တာလေးကို ကြည့်နေရသလို၊ ဆရာဝန်က လူမမာကို ကြည့်ရသလို ကိုယ်ပါ ရောမနာတော့ဘူး။ ကိုယ်နာတာချည်း သွားကြည့်နေရင် ကိုယ်ရော စိတ်ပါ ရောနာသွားတယ်။ မခံနိုင်ဘူး ပြင်ချင်တယ် ပြောင်းချင်တယ် အဲဒီစိတ်ကလေးကို သိပေးပါ။ ပျေက်ချင်စိတ် ဖြစ်နေရင်လည်း အဲဒီစိတ်ကလေးကိုပဲ သတိထားကြည့် မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး သိပေးပါ။ ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး။ ဆန်းတိုး ရိန်း ထံမှ ကူးယူသည်။
ไม่มีความคิดเห็น:
แสดงความคิดเห็น