အမှီ ချမ်းသာ နှင့် အမှီကင်းသော ချမ်းသာ ချမ်းသာနှစ်မျိုးရှိပါသည်။ အမှီ ချမ်းသာ နှင့် အမှီကင်းသော ချမ်းသာတို့ ဖြစ်သည်။ အမှီ ချမ်းသာသည် ပိုက်ဆံ ရှိမှ၊ တိုက် ရှိမှ ချမ်းသာခြင်းဖြစ်သည်။ အာရုံ တစ်ခုကို အမှီပြု၍ သုခဝေဒနာ ဖြစ်ပေါ်ခြင်းကိုပင် ချမ်းသာသည်ဟု ယူဆခြင်း ဖြစ်ပါသည်။ - မိမိ၏ ယောကျာ်း၊ မိမိ၏ မိန်းမ၊ မိမိ၏ သားသမီးကောင်းမှ မိမိ ချမ်းသာ၏။ နောက်ဆုံး မိမိ ကိုယ်ခန္ဓာ ကျန်းမာမှ ချမ်းသာ၏။ မိမိကိုယ်ကိုပင်ပြန်၍ မှီနေသေး၏။ ထို အမှီ ချမ်းသာသည် ကိုယ်ပိုင်ချမ်းသာ မဟုတ်ပါ။ ကိုယ်ပိုင်ချမ်းသာသည် အမှီကင်း၏။ ပိုက်ဆံ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ် နာသည်ဖြစ်စေ မနာသည် ဖြစ်စေ ချမ်းသာ၏။ အာရုံတို့သည်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ချမ်းသာ၏။ သူတစ်ပါး ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိမိနှင့်မဆိုင်တော့ချေ။ " သင်ကောင်းမှ ကျွန်ုပ်မဆိုးပါ " မဟုတ်တော့ပေ။ သူတစ်ပါးမှ အမှီ လွတ်ခြင်း ဖြစ်သည်။် အမှီ ချမ်းသာသည် မှီရာတို့၏ နှောင်ဖွဲ့ခြင်းကို ခံရပါသည်။ ဥပမာ - ဖုန်း ရှိမှ ချမ်းသာတယ်လို့ ယူဆပါက ဖုန်း မရှိလျှင် ဆင်းရဲတော့သည်။ ထို့ပြင် ဖုန်း ရှိပြန်လျှင်လည်း ကောင်းတာ ကြားရမှ ချမ်းသာ၏။ မကောင်းတာ ကြားရပြန်လျှင်လည်း ဆင်းရဲရပြန်ပါသည်။ အသံ အာရုံပေါ်တွင် မှီနေပြန်ပါသည်။ ထို့ကြောင့် ရှိတာ မရှိတာက အဓိကမဟုတ်ပါ။ မှီခြင်း မမှီခြင်း သည်သာ အရေးကြီးပါသည်။ မှီလျှင် နှောင်ဖွဲ့ခြင်း ခံရ၍၊ အမှီကင်းပါက လွတ်မြောက်လေသည်။ လူအများစုသည် အမှီ ချမ်းသာကို သိကြသော်လည်းအမှီကင်းသော ချမ်းသာကို အသိနည်းကြပါသည်။ ထို့ကြောင့် အမှီ ချမ်းသာ ကိုသာ ရှာဖွေနေကြ၍အမှီကင်းသော ချမ်းသာကို မသိ၍မရှာဖွေကြခြင်း ဖြစ်ပါသည်။ အမှီကင်းသော ချမ်းသာသည် ဓမ္မ ထဲတွင် သာရှိပါသည်။ လွတ်မြောက်မှု ချမ်းသာ သို့မဟုတ် ၀ိမုတ္တိသုခ ဟုခေါ်ဆိုလေသည်။ နှောင်ဖွဲ့မှု နှင့် လွတ်မြောက်မှု ���������������� - လွတ်မြောက်မှုကို နားလည်ရန် နှောင်ဖွဲ့မှု ကို အရင်သိသင့်ပေသည်။ နှောင်ဖွဲ့မှု သဘောကို သိမြင်လွယ်အောင် လောကသုံးပါးနှင့် စပ်၍ တင်ပြလိုပါသည်။ သြကာသလောက၏ နှောင်ဖွဲ့ပုံမှာ - ဥပမာ - မြေကျင်း နက်နက်တစ်ခုထဲသို့ ကျပါကမြေကျင်းသည် မိမိကို အခြားသို့ မသွားနိုင်အောင် နှောင်ဖွဲ့ထား လေသည်။ ထို့အတူ အခန်းတစ်ခုအတွင်း၌ အပိတ်ခံရပါကလည်း အခန်းသည် မိမိအား နှောင်ဖွဲ့လေသည်။ သတ္တလောက၏နှောင်ဖွဲ့မှုသဘောတွင် လူတို့ကသတ္တ၀ါတို့ကို၎င်း လူအချင်းချင်းတို့ကို၎င်း ချုပ်နှောင်ထား ခြင်းဖြစ်လေသည်။ - သင်္ခါရလောက၏နှောင်ဖွဲ့မှုသဘောကို နားလည်ရန်မှာ မလွယ်ကူလှပါ။ ခန္ဓာ ရှိနေသည့်အတွက် စားမှု၊ ၀တ်မှု၊ နေမှုတို့နှင့် နှောင်ဖွဲ့ခြင်းခံရပါသည်။ ထင်ရှားသော ဥပမာမှာ- ဗိုက်ဆာ၍ ထမင်းစားနေသော်လည်းဝမ်းသွားချင်ပါက အိမ်သာနှင့်နှောင်ဖွဲ့ခြင်းခံရပါသည်။ ၎င်းသည်ခန္ဓာရှိနေသောကြောင့် နှောင်ဖွဲ့ခြင်းခံရမှု သဘောတို့ ဖြစ်ကြပါသည်။ ဤသို့ နှောင်ဖွဲ့မှု သဘောကို နားလည်မှသာဆန့်ကျင်ဘက်အနေဖြင့် လွတ်မြောက်မှုသဘောကို နားလည်နိုင်ပေမည်။ - နောက်ထပ် နှောင်ဖွဲ့မှု သဘောမှာ ကိလေသာဖြင့် နှောင်ဖွဲ့ခြင်းဖြစ်ပါသည်။ ဥပမာ - မိမိနှစ်သက် စွဲလမ်းသော အစားအစာ တစ်ခုကို အလွန်တပ်မက် စွဲလမ်းနေပါကအခြားစားစရာများ ရှိသော်လည်း မစားနိုင်ပဲ ထိုအစားအစာနှင့် နှောင်ဖွဲ့ခြင်းခံရပါသည်။ ၎င်းသည် ကိလေသာဖြင့် နှောင်ဖွဲ့ခြင်း ဖြစ်ပါသည်။ နောက်ထပ် နှောင်ဖွဲ့မှု တစ်ခုမှာ ကံဖြင့် နှောင်ဖွဲ့ခြင်း ဖြစ်သည်။ ကံ ပစ်ချရာ နေရာမှာပင် နှောင်ဖွဲ့ခြင်း ခံရပါသည်။ ဥပမာ - ရွှေငါးဘ၀ကို ကံ ပစ်ချပါက ရေကန်အတွင်းမှာပင် နှောင်ဖွဲ့ခြင်းခံရပါသည်။ ထို့အတူ စဉ်းစားတတ်ပါက သက်ဆိုင်ရာဘ၀တို့မှာကံ ပေးသမျှတို့နှင့်နှောင်ဖွဲ့ခြင်းခံနေရပါသည်။ ထိုသို့ နှောင်ဖွဲ့ခြင်း ခံရမှုအမြင်မှ ဉာဏ်ဖြင့် မကြည့်တတ်သောကြောင့် လွတ်မြောက်မှု သဘောကိုလည်း နားမလည်နိုင်ပဲ ဖြစ်နေ ကြပါသည်။ ထိုအခါ နှောင်ဖွဲ့မှု အတွင်းမှာပဲ ချမ်းသာကို ရှာနေကြသောကြောင့် လွတ်မြောက်မှုချမ်းသာကို မသိမြင်နိုင်ခြင်းဖြစ်လေသည်။ ဒေါက်တာစိုးလွင် (မန္တလေး) ၏ ဓမ္မလမ်း ဝိပဿနာသင်တန်း စာစဉ် "အဆန်လမ်း" စာအုပ်မှ။
ไม่มีความคิดเห็น:
แสดงความคิดเห็น