วันศุกร์ที่ 19 กันยายน พ.ศ. 2557

" အလှပြင်ခြင်းနဲ့ သံဝေဂတရား "


" အလှပြင်ခြင်းနဲ့ သံဝေဂတရား "
●●●●●●●●●●●●●●●●●●●●●●●●
★ မြတ်စွာဘုရား သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်မှာ
သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိမြု့နဲ့မနီးမဝေး နိဂုံရွာကြီးတစ်ရွာမှာ တိဿဆိုတဲ့မထေရ်ကြီးတစ်ပါးဟာ အဲ့ဒီနိဂုံးရွာမှာပဲမွေးဖွားပါတယ်။
ကြီးပြင်းလာတယ်။ မြတ်စွာဘုရားဟောကြားတဲ့တရားကို နာကြားပြီးတော့
သာသနာတော်အပေါ်မှာ သဒ္ဓါတရားဖြစ်တာနဲ့ လူဝတ်ကြောင်ကို စွန့်ပြီး ရဟန်းဝတ်ပါတယ်။လူ့ဘ၀မှာ စိတ်ဆင်းရဲစရာတွေ စိတ်ရှုပ်စရာတွေ ကြုံလို့ရဟန်းဝတ်တာမဟုတ်ဘူး။ ရဟန်းဝတ်တယ်ဆိုရင်တော့
ရဟန်းယောင်္ကျားဝတ်တာပဲဖြစ်ဖြစ် ရဟန်းမိန်းမ၀တ်တာပဲဖြစ်ဖြစ် ပေါ့လေ။
★ စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေ ဘ၀ရဲ့အခက်အခဲတွေကြုံလို့ သံဝေဂတွေဖြစ်ပြီးတော့ ၀တ်လာတာမျိုးလည်းရှိတယ်။ဘာစိတ်ညစ်စရာ ဘာစိတ်ဆင်းရဲစရာမှ အထူးအထွေမရှိဘဲ တရားတွေနာပြီး သာသနာတော်
အပေါ်မှာ ကြည်ညိုတဲ့သဒ္ဓါတရာသက်သက်နဲ့ ၀တ်လာတာလည်းရှိတယ်။
စိတ်ညစ်စရာတွေ စိတ်ဆင်းရဲစရာတွေအကြီးအကျယ်ကြုံမှ 'ဘ၀ဆိုတာ
အနှစ်သာရရှိတယ် ဘ၀ဆိုတာ အဓိပ္ပာယ်ရှိတယ်' လို့မြင်ရမှာမဟုတ်ဘူးနော်။
★ စိတ်ပျော်စရာ စိတ်ချမ်းသာစရာတွေ ရှိနေတဲ့ကြားက ဘ၀ရဲ့အနှစ်သာရ
ကင်းမဲ့ပုံ အဓိပ္ပာယ်မရှိပုံကို မြင်ရမှာ။ဘ၀မှာ စိတ်ချမ်းသာစရာတွေ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ တကယ်တမ်း ဉာဏ်နဲ့စဉ်းစားကြည့်ရင်
ဘာမှ အဓိပ္ပာယ်မရှိပါလားဆိုတာ သိနိုင်တာပါပဲ။ဉာဏ်ရှိရင် သိနိုင်တာပါပဲ။
ပဋာစာရီတို့ ကိသာဂေါတမီတို့ကျတော့စိတ်ညစ်စရာတွေ
ကြုံပြီးမှပဲ ရဟန်းပြုလာကြတာပဲ။
★ အရှင်ရဋ္ဌပါလတို့ အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလာန်တို့
အလောင်းအလျာ ၊ ဥပတိဿ၊ ကောလိတတို့လည်းစိတ်ညစ်စရာတွေ ကြုံလို့
ဝတ်လာတာ ဟုတ်ရဲ့လားမဟုတ်ဘူးနော်။ပွဲကြည့်ရင်းနဲ့ အလိုလို သံဝေဂရလို့ ၀တ်လာကြတယ်။
သံဝေဂဆိုတာ ကိုယ်ကိုယ်တိုင် စိတ်ဆင်းရဲစရာတွေ ကြုံမှ သံဝေဂရရမှာ
မဟုတ်ဘူး။လောကရဲ့ သဘာဝ ဘ၀ရဲ့သဘာဝကို ဉာဏ်နဲ့လေးလေး
နက်နက် သိမြင်ဆင်ခြင်တတ်ရင် သံဝေဂဆိုတာရနိုင်တယ်။ ဘ၀မှာ စိတ်ညစ်စရာတွေနဲ့ကြုံရလို့တချို့က သံဝေဂဖြစ်တာလို့ ထင်နေကြပါတယ်။
စိတ်ညစ်ခြင်း စိတ်ဆင်းရဲခြင်းက သံဝေဂအယောင် ဆောင်လိုက်ခြင်းပါပဲ။
●စိတ်ညစ်တိုင်း သံဝေဂမဖြစ်ဘူးလို့တော့ မဆိုလိုပါဘူး။
သတိနဲ့ ဉာဏ်နဲ့ သေချာနှလုံးသွင်းတတ်ရင်တော့ သံဝေဂဉာဏ်
အစစ်ဖြစ်နိုင်ပါတယ်။ အများအားဖြင့် စိတ်ညစ်စရာတွေ အဆိုးတွေ
ကတစ်ဆင့် သံဝေဂရကြတာ များတာကိုး။
ဦးဇင်းတို့ သင်္ကန်းဝတ်ခါစက တချို့ကမေးတယ်ပေါ့။
" ဘာစိတ်ညစ်စရာကြုံလို့လဲ ရည်စားနဲ့ကွဲလို့လားပေါ့
"ရည်စားနဲ့ကွဲပြီး စိတ်ညစ်လို့ အသည်းကွဲပြီးတော့ ဘုန်းကြီးဝတ်တယ်ထင်တယ်။အသည်းကွဲတိုင်း
ဘုန်းကြီးဝတ်ဖြစ်ပါ့မလားနော် မ၀တ်ဖြစ်ပါဘူး။
ဘုန်းကြီးဝတ်ဖြစ်တိုင်းလည်း အသည်းကွဲလို့ဟုတ်ပါ့မလားနော်။
မဟုတ်ပါဘူး။
★ ဘုန်းကြီးကပြန်ဖြေလိုက်တယ် "စိတ်ညစ်စရာကြုံလို့
သင်္ကန်းဝတ်တာမဟုတ်ဘူး၊ ကိုရင့်ဘ၀မှာ စိတ်စရာ စိတ်ဆင်းရဲစရာ
ဘာမှ မရှိဘူး။လူဝတ်ကြောင် ဘ၀ထက် ရှင်ဘ၀၊ ရဟန်းဘ၀က ပိုပြီးတော့ ကောင်းနေလို့ ပိုပြီးတော့မြင့်မြတ်နေလို့ သင်္ကန်းဝတ်တာပါ "လို့
အကြမ်းဖျင်းပြန်ဖြေလိုက်တယ်။ရဟန်းပြုရခြင်းရဲ့အကြောင်းကိုပြောပြဆိုရင်တော့
ပြောစရာအချက်တွေ အများကြီးရှိတာပေါ့။ဘ၀ရဲ့ အနှစ်သာရကင်းမဲ့တဲ့
သဘောကို အဖြစ်အပျက်အမျိုးမျိုးနဲ့ သုံးသပ်ဆင်ခြင်ပြီး
မြင်တာဆိုတော့ ပြောလို့ဘယ်ကုန်နိုင်မလဲ။
★ ဦးဇင်းတို့ သံဝေဂတို့ဘာတို့ဆိုတာက ကိုယ်တိုင်ထူးထူးခြားခြား
လေးလေးနက်နက်တွေး တယ်ဆိုရင် အဲ့ဒီနေ့ကအဖြစ်အပျက်လေးတွေ
အဲ့ဒီနေ့က ၀တ်ထားတဲ့ အ၀တ်အစားလေးတွေ အဲ့ဒီနေ့က အတွေးတွေးမိတဲ့အချိန်ကအစ အကုန်ပြန်သတိရတယ်။ ဘယ်တော့မှလည်းမမေ့တော့ဘူး။ ဦးဇင်း ၁၀တန်းနှစ်မှာ ကျောင်းကောင်စီ အတွင်းရေးမှူးလုပ်ရတယ်။
★ အာစရိယပူဇော်ပွဲအတွက် ကြီးကြပ်ဖို့ရန် တနင်္ဂနွေ တစ်ရက်
နေ့လယ်သုံးနာရီလောက် ရေမိုးချိုး ၊သနပ်းခါးတွေလိမ်းပြီး၊
ရေမွှေးတွေဘာတွေဆွတ်။ပြီးတော့ ကျောင်းကိုသွားတယ်။
သွားတော့ လမ်းမှာ ဓနသိဒ္ဓိဆိုတဲ့ ရုပ်ရှင်ရုံတစ်ခု ရှိတယ်။အဲ့ဒီ ရုပ်ရှင်ရုံရဲ့ နောက်ဘက်ဖြတ်လမ်း ကလေးကနေ ဦးဇင်းကဖြတ်သွားတယ်။
အဲ့ဒီ ရုပ်ရှင်ရုံရဲ့ နောက်ဘက်တစ်နေရာလည်း
ရောက်ရော အတွေးတစ်ခု ဖျတ်ခနဲဆိုဝင်လာတယ်။
★ ၀င်လာတာကဘာလဲဆိုတော့ အ၀တ်အစားကောင်းကောင်း
ဝတ်သွားတယ်ဆိုရင် လူ့သဘာဝက ကိုယ်ဝတ်တာလေး စမတ်ကျရဲ့လားအဆင်ပြေရဲ့လားဆိုတာ ငုံပြီး မကြည့်ဖူးလား။
လိုက်ရဲ့လား လှရဲ့လားဆိုတာ သိအောင် ငုံ့ငုံ့ကြည့်လေ့ရှိတယ်။
အ၀တ်အစားလှလှ ၀တ်တာ ကိုယ်လှချင်လို့လား သူများကြည့်စေချင်လို့လား။
ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားရဲ့ အလှအပကိုကိုယ်ကိုယ်တိုင်
သိပ်မခံစားရဘူး။ကိုယ်လုံးပေါ် မှန်ရှေ့ကြည့်တော့လည်း လိုက်ဖက်သားပဲ
ဆိုပြီးတော့ စိတ်ထဲမှာ ခဏတဖြုတ်စိတ်ချမ်းသာရတယ်။ သွားရင်းလာရင်းနဲ့ ကိုယ်ဝတ်တာလေး ခဏတဖြုတ်ဖျတ်ခနဲ ငုံ့ကြည့်လိုက်ရင်လည်း ကြည့်တဲ့အခိုက်အတန့်လေးခေတ္တခဏ စိတ်ချမ်းသာသွားတယ်။ဒါပါပဲ။
ကျန်တဲ့အချိန်မှာတော့ သူများပဲကြည့်ပြီး စိတ်ချမ်းသာနေတာနော်။
★ အဲ့ဒီရုပ်ရှင်ရုံ နေရာလေးမှာ " သြော် ၀တ်ကောင်းစားလှလေးတွေ
ဝတ်ဆင်ထားလို့ စိတ်ချမ်းသာရတာလေးတွေက တကယ်တော့ ခဏတဖြုတ်ကလေးပါပဲ။ဘာမှကို မပြောပလောက်ပါဘူး။ ကိုယ့်အိမ်မှာနေတယ်
ဆိုရင် အခုလိုသေသေချာချာသနပ်ခါးတွေလိမ်း ရေမွှေးတွေဆွတ်လို့
အင်္ကျီလုံချည်အသစ်လေးတွေ လဲလို့ ဆိုတာမရှိဘူး။ လူကြားထဲသွားတော့မှ ဒါတွေဝတ်တယ် လိမ်းတယ် ဆွတ်တယ်။ တကယ်တမ်းတော့ အလှပြင်တယ်ဆိုတာကိုယ့်အတွက် မဟုတ်ပါလားသူများအတွက်ပါလား။
ကိုယ်လည်း မွှေးချင်လို့ ကိုယ်လည်း စိတ်ကြည်နူးချင်လို့ဆိုရင်
အိမ်မှာနေရင်း အမြဲတမ်းဆွတ်ပေါ့။ခုတော့ မဟုတ်ဘူး
လူကြားသူကြားထဲသွားတော့မှ ဆွတ်တာ လိမ်းတာ။ "
★ သူများကြည့်တယ်ဆိုလည်း ဖျတ်ခနဲ ခဏလေးပါပဲ။
ဘယ်သူကမှလည်း စိတ်ထဲမှာစွဲပြီးတော့ တစိမ့်စိမ့်တွေးနေတာလည်း မဟုတ်ပါဘူး။ချစ်သူစုံတွေမှာ ဖြစ်လေ့ရှိတဲ့ မြင်မြင်ချင်းစွဲလမ်းတာမျိုးကလွဲရင်ပေါ့။ ကိုယ့်ကို သူများကြည့်တိုင်း အဆင်ပြေဖို့အတွက် ကိုယ့်ကိုယ်ကိုပြင်
ဆင်နေရတာနော် ။ဘာမှ အဓိပ္ပာယ်မရှိပါလားလို့ အဲ့ဒီတုန်းကတွေးမိလိုက်တဲ့ အတွေးလေး အခုထိမမေ့ဘူး။နောက်ပိုင်း သာသနာဘောင်ရောက်လို့ ပရိယတ္တိစာပေတွေ လေ့လာတော့မှ အဲ့ဒီတုန်းကတွေးလိုက်တဲ့
ပိဋကတ်တော်မှာလာတဲ့ တရားဓမ္မနဲ့ ကိုက်ညီနေမှန်း သွားတွေ့တယ်။
"သကရူပံ ပရတ္ထံဝ၊ နာလံ ဂန္ဓေဟိ ဘူသိတုံ"
★ ကိုယ့်ရဲ့ ရုပ်အဆင်းကို လှပတင့်တယ်အောင် ပြုပြင်ဆင်ယင်နေတာဟာ သူများအတွက်ပါပဲတဲ့။ဒါ့ကြောင့် မို့လို့ အလှတွေ အမွှေးနံသာတွေနဲ့ သိပ်ပြီးတော့ တန်ဆာဆင်နေဖို့ မသင့်တော်ပါဘူးတဲ့။အော်တကယ်တမ်းတော့
အလှပြင်တယ်ဆိုတာ သူများအတွက်သက်သက် အဖြည့်ခံသဘောနဲ့
အပင်ပန်းခံနေရပါလား၊ အကုန်ကျခံနေရပါလားဆိုတဲ့ ဉာဏ်လေးတစ်ချက် အလေးအနက်ပေါ်တယ်ဆိုရင်ကိုပဲ ရဟန်းပြုဖို့ လုံလောက်သွားပြီးနော်။
ဓမ္မမိတ်ဆွေများ သံဝေတရားတွေ ရရှိပြီး ဘ၀သံသရာရဲ့ လွတ်လမ်း
ဝိမုတ္တိသုခ ကိုရှာဖွေ နိုင်ကြပါစေဗျာ။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ไม่มีความคิดเห็น:

แสดงความคิดเห็น