วันเสาร์ที่ 27 กันยายน พ.ศ. 2557

ကံ၊ စိတ်၊ ဥတု၊ အာဟာရသည်သာ


ကံ၊ စိတ်၊ ဥတု၊ အာဟာရသည်သာ . . .

ဆောင်းပါး

လူသားတို့၏ အသက်ရှင်သန်ရပ်တည်နေနိုင်မှုသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားလေးပါးအပေါ်တွင် တည်မှီနေကြောင်း မြတ်ဗုဒ္ဓ၏ဒေသနာတော်က ပြဆိုထားသည်ကိုတွေ့ရသည်။ ကံဆိုသည်မှာ အတိတ်ဘဝက အကျိုးပေးကံအပါအဝင် လက်ရှိပစ္စုပ္ပန်ကာလ၌ ပြုမူဆောင် ရွက်နေသောအလုပ်ပင်ဖြစ်သည်။ ဤနေရာတွင် မမြင်ရသော အတိတ်ဘဝ ကံကိုထားပါဦး။ မိမိတို့အသက်ရှင်ရပ်တည်နေနိုင်မှုအတွက် ပြုမူဆောင်ရွက်ရသော ကာယကံအလုပ် (Physical Action)၊ ဝစီကံအလုပ် (Verbal Action)၊ မနောကံ (Mental Action) ဟူသော အလုပ်သုံးပါးတို့သည် မှန်ကန်ကောင်းမွန် မှုရှိသည် (သို့မဟုတ်) မှားယွင်းဖောက်ပြားမှုရှိသည်၊ မရှိသည် ဤနှစ်လီကို မိမိတို့ကိုယ်မိမိတို့ အသိဆုံးပင်ဖြစ်သည်။

တကယ်တော့ အလုပ်ကောင်းမှကံကောင်းပါမည်။ အလုပ်မကောင်းလျှင် ကံမကောင်းနိုင်ပါချေ။ တစ်ခါတစ်ရံ စိုင်ကော်၍ချုံပေါ်ရောက်သည်မျိုးတော့ ရှိကောင်းရှိပေမည်။ ကာယကံမှုအရ မကောင်းမှုကို ကိုယ်တိုင်ကိုယ်ကျကျူး လွန်လျှင်သော်လည်းကောင်း၊ ဝစီကံမှုအရ မကောင်းသောအပြောအဆိုကို ပြောဆိုလျှင်သော်လည်းကောင်း ထိုပုဂ္ဂိုလ်ကာယကံရှင်မှာ စိတ်၏ကျန်းမာရေးနှင့် စိတ်ချမ်းသာရေး၊ ကိုယ်ကျန်းမာရေးနှင့် ကိုယ်ချမ်းသာရေးတို့ကို ဖော်ဆောင်နိုင်တော့မည်မဟုတ်ပေ။

အလားတူ စိတ်ဟူသောအာရုံကို သိခြင်းသဘော (သို့မဟုတ်)မနောကံ အမှုသည် စိတ်ကောင်းမမွေးဘဲ သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း (အယော နိသော မနသီကာရ)၊ မနာလိုဝန်တိုပျက်စီး စေလိုစိတ်၊ မုန်းတီးစိတ် (ဣဿာ၊ မစ္ဆရိယ၊ ဗျာပါဒ)တို့သည် မိမိကိုယ်မိမိစိတ်ထောင်းကိုယ်ကြေဖြစ်ကာ စိတ်၏ချမ်းသာရေးနှင့် စိတ်ကျန်းမာရေး၊ ကိုယ်ချမ်းသာရေးနှင့် ကိုယ်ကျန်းမာရေးတို့ကို ဖော်ဆောင်ပေးနိုင်မည်မဟုတ်ပေ။

ဥတုဟူသောပူခြင်း၊ အေးခြင်းတို့သည် လူ့ကျန်းမာရေးနှင့်ဆက်စပ်နေသည်။ အပူဓာတ်လွန်ကဲလာလျှင်သော်လည်းကောင်း၊ အအေးဓာတ်လွန်ကဲ လာလျှင်သော်လည်းကောင်း လူ့ကျန်းမာရေးကို ထိခိုက်စေမည်ဖြစ်သည်။ အပူ၊ အအေး သမမျှတမှသာလျှင် ကျန်းမာရေးနှင့် သဟဇာတဖြစ်မည်ပင်။ အပူဆုံးရာသီတွင် အပူဓာတ်သက်သာအောင် နေထိုင်တတ်ဖို့လိုအပ်သလို အအေးဓာတ်လွန်ကဲလာလျှင် အအေးဒဏ်ကိုကာကွယ်နိုင်သည့် ဝတ်စားဆင် ယင်နေထိုင်တတ်မှုဖြင့်သာ ကျန်းမာနိုင်ပေမည်။ နွေခေါင်ခေါင်မြေခြောက်ခြောက်တွင် ပူလွန်းသည့်ဒဏ်ကို မခံနိုင်ဟုဆိုကာ အေးစေချင်သည့်ဆန္ဒဖြင့် ရေချိုးလိုက်မိပါက အခန့်မသင့်လျှင် ထိုသူသည် လေဖြတ်ခြင်း (သို့မဟုတ်) ဦးနှောက်သွေးကြောမျှင်များ ပျက်စီးကာ ဒုက္ခရောက်ဖို့များပါသည်။ အပူဓာတ် (ဥဏှတေဇော)သည် ခန္ဓာကိုယ်အတွင်း၌ လောင်ကျွမ်းသလို အအေးဓာတ် (သီတတေဇော)သည်လည်း လောင်ကျွမ်းနေပါသည်။ သာဓကအားဖြင့် ရေအိုး အောက်ရှိကရွတ်ခွေသည် အေးမြစိုစွတ်နေသော်လည်း ကြာလာသောအခါ အေးနေရင်းကဆွေးမြည့်ပျက်စီးသွားတတ်ပါသည်။ ထို့ကြောင့် လူသားတို့သည် ရာသီဥတုနှင့်လျော်ညီစွာနေထိုင်တတ်ကြမှသာ ကျန်းမာနိုင်မည်ဖြစ်သည်။

အာဟာရသည် လူသားတို့အသက်ရှင်နေထိုင်မှုအတွက် အဓိကအကျဆုံး ပင်ဖြစ်သည်။ အစာအာဟာရမရှိဘဲ အသက်ရှင်မရပ်တည်နိုင်ခြင်းကြောင့် ''သဗ္ဗေသတ္တာ အာဟာရတိဋ္ဌိကာ'' ဟူသောစကားနှင့်အညီ ရုပ်ကိုအာဟာရ စောင့်လျက်ရှိသည်။ ရုပ်ကိုအာဟာရစောင့်သည်ဆိုသော်လည်း ကျန်းမာရေး အသိနှင့်ယှဉ်၍ စားတတ်သောက်တတ် နေတတ်ထိုင်တတ်မှ ကျန်းမာနိုင်ပါမည်။ မိမိကျန်းမာရေးနှင့်ကိုက်ညီမည့်အစားအစာကိုသာ ရွေးချယ်စားသောက်တတ်ပြီး မိမိနှင့်မတည့်သော အစားအစာများကို ရှောင်ကြဉ်နိုင်ရပါမည်။ ဥပမာ-ဆီးချိုသွေးချို၊ သွေးတိုးရောဂါရှိသူများသည် အဆီဓာတ်များသော အစားအစာ၊ အချိုဓာတ်များသောအစားအစာများကို ရှောင်ကြဉ်နိုင်မှသာတော်ရုံကျပေမည်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့သည် လူသားတို့၏အသက်ရှင်သန် နေထိုင်မှုနှင့် ကျန်းမာရေးတို့ အခြေခံအကြောင်းတရားများဖြစ်သည်မှာ ထင်ရှားနေပါပြီ။ တတိယအရွယ်(သို့မဟုတ်) အသက်(၆ဝ)ကျော်ကာမှ ဇရာ အရွယ်သို့ရောက်ကြသည်ဟု အများစုကထင်မှတ်ထားကြသည်။ တကယ်တော့ ဇရာဟူသော အိုမင်းရင့်ရော်ခြင်းသည် အသက်(၆ဝ) ကျော်လာမှရောက်လာခြင်း မဟုတ်ပါ။ ဇာတိဟူသော အမိဝမ်းတွင်း၌စတင်ပဋိသန္ဓေတည်ကတည်းကပင် ဇရာဟူသော အိုမင်းရင့်ရော်ခြင်းသဘောတရား၊ ဗျာဓိဟူသော နာခြင်းသဘော တရား၊ မရဏဟူသော သေခြင်းတရားတို့က အလိုအလျောက် တွယ်ကပ်ပါလာ စမြဲပင်။

လူ့လောက၌ ဇရာအရွယ်သို့ရောက်လာကြသူများသည် တည်ငြိမ်ရင့်ကျက်သော၊ တင့်တယ်သောဘဝကို ဖော်ဆောင်လျက်ရှိသည်။ တွေးခေါ်ဆင်ခြင် ဝေဖန်ပိုင်းခြားမှုစွမ်းရည်ကြီးမားလှသော အရွယ်ဖြစ်စဉ် တတိယအရွယ်သည် ဘဝဆည်းဆာချိန်ခါပင်ဖြစ်သည်။ တတိယအရွယ်၏ ဘဝဆည်းဆာ ထိုချိန်ခါသည် နေတတ်ထိုင်တတ်ပြီး လူမှုပတ်ဝန်းကျင် (သို့မဟုတ်)လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် တစ်နိုင်တစ်ပိုင် တိုင်ပင်ဖော် တိုင်ပင်ဖက်၊ အကြံပေးဖော်အကြံပေးဖက်ဖြစ်အောင် စွမ်းဆောင်နိုင်မည် ဆိုပါက အလွန်တန်ဖိုးကြီးမားလွန်းလှသောအရွယ်ပင်ဖြစ်သည်။ ကိုယ်ကျင့် သီလတရားနှင့်စပ်လျဉ်း၍ စံပြုရာ၊ ဒါနတရားနှင့်စပ်လျဉ်း၍ အဖော်ပြုရာ၊ ဘာဝနာတရားနှင့်စပ်လျဉ်း၍ သိုမှီးပွားများအားထုတ်ရာ အရွယ်လည်းဖြစ်၍ ကန်တော့ခံ၊ အရိုအသေခံ ဟူသော ဂုဏဝုဒ္ဓိ၊ ဝယဝုဒ္ဓိ ဂုဏ်တို့နှင့်လည်း ပြည့်စုံနေပေသည်။

တတိယအရွယ်၌ သေမင်းကိုရင်မဆိုင်ဝံ့ခြင်းသည် များသောအားဖြင့် ''အတ္တစွဲ'' ဟုခေါ်သော ''ငါစွဲ'' အားကြီးလွန်းသောကြောင့်ဖြစ်၏။ ငါစွဲ၊ အတ္တစွဲ သည် သဘာဝဓမ္မ၏ ဦးတည်ချက်နှင့် ဖီလာဖြစ်၏။ သဘာဝဓမ္မသည် ဖြစ်ပြီးလျှင် ပျက်ရသည့် သဘောတရားပင်ဖြစ်သည်။ မွေးဖွားခြင်းရှိနေ၍ သေဆုံးခြင်း ရှိနေခြင်းပင်ဖြစ်သည်။ ပုဂ္ဂိုလ်စွဲ၊ ငါစွဲရှိနေသောကြောင့်သာ သေခြင်းတရားကို ကြောက်ရွံ့နေခြင်းပင်ဖြစ်၏။ အကယ်၍ လူသားတို့သည် မသေဘဲ အမြဲရှင်သန်နေပါက လူ့လောကကြီး၌ ကြီးပွားတိုးတက်ဖွံ့ဖြိုးမှုများ၊ ဆန်းသစ်မှု များ ရပ်ဆိုင်းသွားပြီး မျိုးဆက်သစ်များအတွက် နေရာရှိတော့မည်မဟုတ်ချေ။

လောက၌ ထာဝရတည်မြဲသော အတ္တဟူ၍မရှိပါ။ ရုပ်၊ နာမ်တရားတို့သည် ခဏမစဲ တဖွဲဖွဲဖြစ်ပေါ်ချုပ်ပျောက်နေကြောင်းကို သတိပဋ္ဌာန်တရားကို ဦးထိပ်ထား၍ ကာယနုပဿနာဖြစ်စေ၊ ဝေဒနာနုပဿနာဖြစ်စေ၊ စိတ္တနုပဿ နာဖြစ်စေ၊ ဓမ္မာနုပဿနာဖြစ်စေ တစ်နည်းနည်းဖြင့် ခန္ဓာကိုယ်ကို ဝိပဿနာ ရှုမှတ်နေလျှင် ပို၍သိနိုင်ပါသည်။ ကိုယ်တွေ့သိအောင် အားထုတ်စေလိုပါသည်။

စိတ်ပညာရှင်ကြီး ဖရွိုက်က ''လူသားတို့တွင် ချစ်စိတ်နှင့် မုန်းစိတ်၊ နှိမ့်ချသော စိတ်နှင့် ထောင်လွှားလိုသောစိတ်၊ တစ်ကိုယ်ကောင်း အတ္တဟိတစိတ်နှင့် အများကောင်းကျိုးပြု ပရဟိတစိတ်၊ အပြုစိတ်နှင့် အဖျက်စိတ်စသော ဝိရောဓိ စေတသိက်များရှိသည့်နည်းတူ ဘဝကိုတွယ်တာမှု (ဘဝတဏှာ) နှင့် ဘဝကို ပြတ်စဲလိုမှု(ဝိဘဝတဏှာ)သည်ရှိနေ၏။ တစ်နည်းဆိုသော် လူသည် တစ်ဖက်က အသက်ရှင်နေလိုသည်နှင့်အမျှ အခြားတစ်ဖက်ကမူ ဘဝချုပ်ငြိမ်းမှုကို တောင့်တ ၏'' ဟု လူသားတို့၏မူလစိတ်ကို ရေးသားဖော်ပြသည်ကို တွေ့ရသည်။

''လောက''ဟူသောဝေါဟာရအဓိပ္ပာယ်မူရင်းမှာ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောဖြစ်၍ အဖြစ်ရှိနေလျှင် အပျက်လည်းရှိနေမည်သာ ဖြစ်သည်။ မွေးဖွား ခြင်းရှိနေလျှင် သေဆုံးခြင်းလည်း ရှိနေသည်။ ချီးမွမ်းခြင်းရှိနေလျှင် ကဲ့ရဲ့ခြင်း လည်းရှိနေမည်။ လိုအပ်သည်ကိုရသည်လည်း ရှိမည်။ မရသည်လည်း ရှိမည်။ ရသည်ကိုလည်း လိုချင်မှ လိုလားမည်။ မလိုအပ်သည်လည်း ရှိနေမည်။ ရွံမုန်း အပ်သူတို့နှင့်အတူနေရသည်လည်း ရှိမည်။ ချစ်အပ်သူတို့နှင့် ကွဲကွာနေရသည်လည်း ရှိမည်။ ဤသည်တို့ကား လောကဓံတရား (သို့မဟုတ်)လောက၏ နိယာမသဘောသဘာဝပင်ဖြစ်တော့သည်။

မရဏတရားကို ဟန့်တား၍ လုံးဝမရစေကာမူ ဇရာအရွယ်တွင် ဇရာတရားကို ပြုပြင်တားမြစ်၍ ရနိုင်ပါသည်။ ခိုင်လုံသော သာဓကတစ်ခုပြုရလျှင် အနန္တ ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓက ''အချိန်အရွယ်ကျလျှင် အိုမင်းခြင်းတရားကို မအိုရအောင် ကြံဆောင်တားမြစ်ပြုပြင်ခြင်းမှာ တတ်နိုင်ကောင်းသည်သာတည်း'' ဟု ဟောဖော်ညွှန်ပြထားတော်မူခဲ့သည်ကို သတိပြုမိပါသည်။ ထိုအချက်ကို ထောက်ရှုခြင်းဖြင့် မရဏဟူသောသေခြင်းတရားကို အပြီးတိုင်တားဆီးပိတ်ပင် ထားခြင်းမှာ မတတ်နိုင်စွမ်းစေကာမူ ဇရာတရားကို ဟန့်တားပြုပြင်၍ ရနိုင်ကြောင်း ထင်ရှားစွာတွေ့မြင်နိုင်မည် ဖြစ်ပေသည်။ ဇရာဘဝတွင် စိတ်ကိုဖြစ် စေ၊ ရုပ်ကိုဖြစ်စေ၊ ဆေးဝါးများဖြင့်ဖြစ်စေ ပြုပြင်၍ ကျန်းမာစွာ အသက်ရှင် နေထိုင်နိုင်ရေးဘဝကို ရယူနိုင်ပေသည်။

တစ်နည်းဆိုရပါက လူသားတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် ကံ၊စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းလေးပါးနှင့် ညီညွတ်စွာ နေထိုင်တတ်ရန် လိုအပ်လှသည်။ ပြုပြင်ဖန်တီးလုပ်ကိုင်စောင့်ရှောက်မှုကြောင့် ဖြစ်ပေါ်နေသော ကမ္မဇရုပ်၊ စိတ်ကြောင့်ဖြစ်ပေါ်ပြောင်းလဲနေသော စိတ္တဇရုပ်၊ ရာသီဥတုပြုပြင်ပြောင်းလဲဖြစ်ပေါ်မှုအနေအထားအရ ပြုပြင်ပြောင်းလဲဖြစ်ပေါ် နေသော ဥတုဇရုပ်၊ အစားအသောက်ကြောင့် ပြုပြင်ပြောင်းလဲဖြစ်ပေါ်နေသော အာဟာရဇရုပ်ဟူ၍ရှိရာ ထိုအကြောင်းတရားလေးပါးနှင့် ညီညွတ်မျှတစွာ ကျင့်ကြံနေထိုင်ပါက လူသားတို့၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

လူ့ခန္ဓာကိုယ်အတွင်းတစ်ကိုယ်လုံး နှလုံးသွေးကြောစီးဆင်းလည်ပတ်မှုမှာ တစ်နေ့လျှင် အကြိမ် ၁ဝဝဝ ရှိသည်။ လူ့ဦးနှောက်နှင့် အာရုံကြောများအကြား အပြန်အလှန်လှုံ့ဆော်စေခိုင်းတုံ့ပြန်မှုများ၏ အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၇ဝ မိုင်နှုန်းမြန်ဆန်သည်။ လူ့ခန္ဓာကိုယ်အတွင်းရှိ အာရုံခံ ဆဲလ်များ(ဝါ)ကလာပ်စည်းများမှာ ပျမ်းမျှ ၁ဝဝ ဘီလီယံရှိသည်။ ဇရာအရွယ် ရောက်လာသည်နှင့် ခန္ဓာကိုယ်အတွင်းရှိ လှုပ်ရှားမှုယန္တရားဖြစ်စဉ်များသည် အင်အားလျော့နည်းယိုယွင်းလာသည်။

သို့ရာတွင် ''ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့်''ဟူသော စကားနှင့်အညီ ရုပ်နှင့်စိတ်ကို ပြုပြင်၍နေတတ်လျှင် အသက်ရှည်ရာအနာမဲ့ကြောင်းဖြစ်လာသည်။ ဤအချက်ကို အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင် သက်တော်ထင်ရှား ရှိခဲ့စဉ်က လက်တွေ့သက်သေပြတော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဝေဠုဝရွာ၌ သီတင်းသုံးတော်မူခဲ့စဉ် ပရိနိဗ္ဗာန်စံတော်မူလုနီးပါးမျှ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရတော်မူခဲ့စဉ်က ထိုရောဂါဝေဒနာကို အာယုပါလကခေါ် သက်စောင့်သမာပတ်ကို ဝင်စားတော်မူခဲ့ခြင်းဖြင့် ဝေဒနာကိုတားဆီး တော်မူခဲ့သည်။ ထိုအကျင့်ကို ရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့ရာတွင် ''ငါသည် အရွယ်တော်ယိုယွင်း၍ အိုမင်းလာပြီ၊ အသက်(၈ဝ) ရှိပြီဖြစ်၍ နောက်ဆုံးအရွယ်သို့ ရောက်လာပြီ၊ အိုသောလှည်းသည် ထိုထိုဤဤ နေရာများ၌ ဖွဲ့ချည်တုပ်နှောင်ထားနိုင်မှသာ သွားလာနိုင်သကဲ့သို့ ငါ၏ခန္ဓာကိုယ်သည် ဖလသမာပတ်တည်းဟူသော လွန်ကြိုးဖြင့်နှောင်ဖွဲ့ထားမှ သာ ကျန်းမာလာ၏။ ထို့ကြောင့် သင်တို့သည် အားကိုးစရာ ဖလသမာပတ် ကို ရအောင်ကြိုးစားကုန်လော့''ဟု မိန့်တော်မူခဲ့ဖူးပါသည်။

ဤအချက်ကို ထောက်ရှုခြင်းဖြင့် လူသားတို့၏ အသက်ရှင်နေထိုင်နိုင်မှု ဘဝသည် သင့်လျော်မျှတသော အစာအာဟာရကို မှီဝဲစားသုံးခြင်း၊ ရာသီဥတု နှင့် လိုက်ဖက်ညီစွာနေထိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာပြုပြင်ဖန်တီးခြင်းနှင့်တရား ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းအားထုတ်ခြင်းတို့ဖြင့် ပြုပြင်၍ရရှိနိုင်ကြောင်း အခိုင်အမာအထင်အရှား ပေါ်လွင်နေပါသည်။ အသက်ကို ဥာဏ်စောင့်ဆိုသည်မှာ ဤအချက်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ဇရာအရွယ်တွင် အထူးနှလုံးသွင်းရန်မှာ တဏှာ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟတို့၏အပြစ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ၏ အကျိုးကျေးဇူး၊ လူ့ဘဝ၏ မမြဲမှု အစိုးမရမှု၊ လူတို့သည် အချင်းချင်း အမှီသဟဲ ပြုနေရစဉ် သတ္တဝါတစ်ဦး၏ ကံကြမ္မာနှင့်သတ္တဝါအများစု၏ ကံကြမ္မာ ဆက်စပ်နေမှုတို့ပင်ဖြစ်ကြသည်။ အမှန်တရားသည် ဇရာအရွယ်၌ အပေါ်ယံ အမှတ်သညာမဟုတ်ဘဲ အသိအလိမ္မာပညာအတွက် အထောက်အကူဖြစ်စေရန် အသိနယ်ကို တိုးချဲ့ဆင်ခြင်သုံးသပ်ဖို့လိုအပ်၏။

ဘုရား၊ ရဟန္တာတို့သည်သာ သေခြင်းကို အလိုရှိပြီး ကျန်ပုဂ္ဂိုလ်များမှာ သေခြင်းတရားကို အလိုမရှိနိုင်သေးပေ။ ဤသည်မှာ အတ္တစွဲကြောင့်ပင်ဖြစ်သည်။ တတိယအရွယ်၌ ဘဝအခြေအနေကို သိသိသာသာပြောင်းလဲသလို ရှုထောင့်ကိုလည်း သိသိသာသာ ပြောင်းလဲဖို့လို၏။ စင်စစ်ရင့်အိုခြင်းသည် ပြောင်းလဲမှု အနိစ္စသဘောကို ပီပီပြင်ပြင်ဖော်ဆောင်ပေးသော ဘဝ၏ အစိတ်အပိုင်းဖြစ်စဉ်ပြောင်းလဲမှုသဘောကို မှန်ကန်စွာ သိရှိနားလည်အောင် ဆင်ခြင်သုံးသပ်ဖို့လိုအပ်၏။

လူသားသည် နုပျိုရာမှကြီးပြင်း၍ နောက်ဆုံးအိုမင်းရင့်ရော်လာခြင်းသည် အကြောင်းဘက်သို့ ရှေးရှုသည်မဟုတ်ဘဲ ဆုတ်ယုတ်ပျက်စီးသော ပြောင်းလဲမှုဖြစ်ခြင်းကြောင့် ယုံမှားစရာ လုံးဝမရှိချေ။ ဤသည်မှာ ပုဂ္ဂိုလ်၊ သတ္တဝါအစွဲဖြင့် ရရှိသောအမြင်ဖြစ်၍ သဘာဝဓမ္မအမြင်နှင့် လုံးဝမတူ နိုင်ပါပေ။ သဘာဝဓမ္မသည် ပုဂ္ဂိုလ်သတ္တဝါအစွဲမရှိ။ လူသားမျိုးဆက်ရှင်သန် ကြီးပွားရန်အတွက် လူသည်မျိုးပွား၍ မိမိမျိုးနွယ်အကျိုးစီးပွားကို ဆောင်ရွက်ပြီးလျှင် အချိန်တန်သောအခါ ရင့်အိုရ၏။ ဇရာဘဝသို့ ကူးပြောင်းရောက်ရှိ လာခြင်းသည် သဘာဝဓမ္မအမြင်အရ ကောင်းမွန်သောပြောင်းလဲခြင်းဖြစ်သည် ဟု ဆိုရပါမည်။

နှစ်စဉ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အောက်တိုဘာ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်၍ တစ်နှစ်ကြီးလျှင် တစ်နည်းသာဆိုသကဲ့သို့ သက်ကြီးရွယ်အိုများကို ဂုဏ်ပြုလေ့ရှိသည်ကို တွေ့ရသည်။ တကယ်တော့ မွေးခြင်းမှတ်တိုင်မှ သေခြင်းပန်းတိုင်အကြား မိမိတို့၏ အသက်ရှင်သန်နေထိုင်မှုဘဝတစ်လျှောက်လုံး လူဖြစ်ရကျိုးနပ်မနပ် ပြန်လည်ဆန်းစစ်သုံးသပ်ဖို့လိုအပ်ပါသည်။ ဘဝဆည်းဆာ ထိုချိန်ခါသည် လူ့ဘဝ၏အရင့်ကျက်ဆုံး၊ အတည်ငြိမ်ဆုံးကာလဖြစ်၍ အနေလည်းတတ်၊ အသေလည်းမြတ်အောင် ကျင့်ကြံနေထိုင်အားထုတ်သွားနိုင်ကြမှသာလျှင် လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်နိုင်မည်ဖြစ်ပါကြောင်း အရေးထားလေးစားစွာဖြင့် ရေးသားတင်ပြလိုက်ပါသည်။ ။

စန်းနီလာဝင်း

ไม่มีความคิดเห็น:

แสดงความคิดเห็น