วันอาทิตย์ที่ 7 กันยายน พ.ศ. 2557

အ​ပေါင်းအသင်း​ကောင်းမှ ​ကောင်းခြင်းရ

အပေါင်းအသင်းကောင်းမှ ကောင်းခြင်းရ

ကောင်းခြင်းရဖို့အတွက် အပေါင်းအသင်းလို
အပ်၏။ ကောင်းခြင်းရရေးအတွက် အပေါင်း
အသင်းလိုအပ်ဟုဆိုသော်လည်း ကောင်းဖို့
လိုလာပြန်၏။ အပေါင်းအသင်းတိုင်းသည်
ကောင်းခြင်းကိုမပေးနိုင်ပေ။ အပေါင်းအသင်း
ကြောင့်ပင်ကောင်းခြင်းများပျက်စီး၍ ဆိုးကျိုး
များတသီတစ်သန်းကြီး ခံလိုက်ရသည်လည်း
ရှိတတ်သေး၏။ ထို့ကြောင့် မိမိတို့ပေါင်းသင်း
မည့် အပေါင်းအသင်းကောင်းတို့၏ သဘော
သဘာဝကိုလည်း သိဖို့လိုလာပြန်၏။ သို့မှသာ
အပေါင်းအသင်းကောင်းနှင့် ပေါင်းမိ၍ကောင်း
ခြင်းများရလာမည်ဖြစ်၏။

အပေါင်းအသင်းကောင်းဟူသည် ကိုယ်ကျင့်
တရားနှင့်ပြည့်စုံသူဖြစ်၏။ တစ်မျိုးပြောရလျှင်
အကြံကောင်း အပြောကောင်း၊ အလုပ်ကောင်း
သည့်ပုဂ္ဂိုလ်ပင်ဖြစ်ပါ၏။ ထိုပုဂ္ဂိုလ်ကို ပညာရှိ
သူတော်ကောင်းဟူ၍လည်းခေါ်၏။ သူတော်
ကောင်းပုဂ္ဂိုလ်သည် သူတစ်ပါး၏ပစ္စည်းကို
အဘိဇ္ဈာတရားဖြင့်လည်း မတရားသောနည်း
ဖြင့် ရယူဖို့မကြံစည်၊ သူတစ်ပါး၏အသက်ကို
ဗျာပါဒတရားဖြင့်လည်း ညှင်းပန်းနှိပ်စက်ဖို့
မကြံစည်၊ ကောင်းကျိုးဆိုးကျိုးတို့၏ အကျိုး
ပေးမှုကိုလည်း ဒိဋ္ဌိတရားဖြသ့် အယူမှားယွင်း
ဖို့မကြံစည်ဘဲ မိမိသူတစ်ပါးနှစ်ဦးသားအကျိုး
ရှိမည့် ဘ၀ကောင်းကျိုးတမလွန်ကောင်းကျိုး
တွေကိုသာ ကြံစည်တတ်၏။

ထိုသူတော်ကောင်းပုဂ္ဂိုလ်သည် မှန်သည့်စကား
ကိုသာပြော၏။ မှန်သောစကားကိုပြောသည့်အ
ခါ ကောက်ကျစ်စဉ်းလဲမှုမရှိ။ ရိုးရိုးသားသားပင်
ပြော၏။ မှန်ကန်၍ရိုးသားစွာပြောဆိုသည့်အ
လျောက် ချိုသာယဉ်ကျေးမှုရှိသော စကားလုံး
ဝေါဟာရကို ရွေးချယ်၍ အသုံးပြု၏။ ထိုစကား
သည် ချစ်ခင်ညီညွတ်မှုရှိသောစကား မိမိသူ
တစ်ပါးနှစ်ဦးသား အကျိုးရှိမည့်စကားလည်းဖြစ်
၏။ သူတော်ကောင်းပုဂ္ဂိုလ်သည် မှန်ကန်၍အ
ကျိုးရှိသည့်စကားကိုပြောဆိုသည့်အလျောက်
အချိန်အခါ အရပ်ဒေသနှင့် နားထောင်မည့်ပုဂ္ဂိုလ်
တို့က လက်ခံသောစကားကိုလည်းပြောတတ်၏။

အပြောကောင်းသော်လည်း အပြောနှင့်အလုပ်
မညီပါက သူတော်ကောင်းဟုမခေါ်သင့်သေးပေ။
ထို့ကြောင့်သူတော်ကောင်းပုဂ္ဂိုလ်သည် သူတစ်ပါး
အသက်သတ်ခြင်း၊ သူတစ်ပါး၏ဥစ္စာပစ္စည်းကို ခိုး
ယူခြင်း၊ သူတစ်ပါး၏သားမယားကိုစော်ကားခြင်း
တို့မှ ရှောင်ကြဉ်၍ မိမိသူတစ်ပါး နှစ်ဦးသားအကျိုး
ရှိမည့်အလုပ်ကိုသာလုပ်သူဖြစ်၏။ ထိုသို့အကြံအ
စည်ကောင်း၍ အပြောကောင်းသူ အကြံအစည်
ကောင်း၍ အလုပ်ကောင်းသူကိုသာ အပေါင်းအ
သင်းကောင်းသို့မဟုတ် သူတော်ကောင်းဟုခေါ်
ကြ၏။

သူယုတ်မာ၌ ထိုသို့ကောင်းသည့် သဘောသဘာဝ
ရှိမည်မဟုတ်။ အကြံဆိုး အပြောဆိုး အလုပ်ဆိုး
သည့် သဘောသဘာဝတို့သာရှိ၏။ ထိုလူယုတ်မာ
သည် မပေါင်းသင်းထိုက်သောပုဂ္ဂိုလ်ဖြစ်၏။
ထိုပုဂ္ဂိုလ်၌ ကြံစည်မှု ပြောဆိုမှုလုပ်ဆောင်မှုတို့က
ညံ့နေသဖြင့် ကိုယ်ကျင့်တရားဟူသည် မြူမျှပင်မရှိ
ချေ။ ထို့ကြောင့် ကောင်းခြင်းရလိုသူတို့သည် ကိုယ်
ကျင့်တရားမရှိသူ လူယုတ်မာကို လုံးဝမပေါင်းသင်း
သင့်ပဲနေသင့်ပါ၏။

လောက၌ ဤပုဂ္ဂိုလ်ကား သူတော်ကောင်း ဤ
ပုဂ္ဂိုလ်ကား သူယုတ်မာဟူ၍ မည်သူမျှတပ်အပ်
သေချာ မသိနိုင်ပေ။ လူယုတ်မာတို့သည် မိမိတို့
၏ယုတ်မာမှုကို အသွင်အပြင်ဟန်ပန်ဖြင့် ဖုံးထား
တတ်၏။ သိလိုလျှင်ပေါင်းသင်းကြည့်ရ၏။
ရွှေအကြောင်း ဖယောင်းသိ လူအကြောင်းပေါင်း
မှသိ ဆိုသည့်အတိုင်း လူတစ်ယောက်အကြောင်း
သိလိုလျှင် ပေါင်းသင်းကြည့်ရ၏။ တစ်ခဏမျှပေါင်း
သင်းကြည့်ရုံမျှနှင့် လူဆိုးလူကောင်းမခွဲနိုင်ပေ။
ကြာကြာပေါင်းမှ လူအကြောင်းကိုကောင်းကောင်း
သဘောပေါက်၏။ ထို့ကြောင့်လူအကြောင်းသိလို
လျှင် ကြာကြာလည်းပေါင်းသင်းရ၏။

လူအကြောင်းသိလို၍ ကြာကြာပေါင်းသော်လည်း
သူတော်ကောင်းလား သူယုတ်မာလားဟု နှလုံး
သွင်းမှုမရှိလျှင် သူတော်ကောင်းနှင့်သူယုတ်မာ
ကို ခွဲခြား၍ မသိနိုင်ပေ။ ထို့ကြောင့် လူအကြောင်း
ကိုသိလိုလျှင် အတူတကွပေါင်းသင်းနေထိုင်သည့်
အခါ နှလုံးသွင်းမှုလည်းလိုပါ၏။ ကြာကြာပေါင်းပြီး
နှလုံးသွင်းမှုရှိသော်လည်း စူးစမ်းဆင်ခြင်တတ်
သော ဉာဏ်ပညာမပါလျှင် လူအကြောင်းကောင်း
ကောင်းသိဖို့က ခဲယဉ်းပြန်၏။

စူးစမ်းဆင်ခြင်မှုဉာဏ်မရှိလျှင် မည်သည့်အလုပ်
မဆိုအောင်မြင်မှု မရနိုင်ပေ။ လူအကြောင်းသိရန်
အတွက် လေ့လာနေသူအဖို့မှာ စူးစမ်းဆင်ခြင်မှု
ဉာဏ်သည် ပို၍ပင်အရေးကြီး၏။ ထို့ကြောင့်စိန်
ကဲ ရွှေကဲ ထိုနှစ်ကဲထက် လူအကဲခတ်လွန်ကဲ
ခတ်ဟု ဆိုထား၏။ အကဲခတ်ရန်ခက်လှသည့်
လူ့ပတ်ဝန်းကျင်တွင်နေထိုင်ကြသူတို့အတွက်
စူးစမ်းဆင်ခြင်ဉာဏ်ဖြင့် ကြည့်မှ သူတော်ကောင်း
နှင့် သူယုတ်မာကို ခွဲခြား၍ သိနိုင်ပေမည်။

ထိုသို့ သူတော်ကောင်းနှင့် သူယုတ်မာကို ခွဲခြား
၍သိလာလျှင် မိမိထက် ကိုယ်ကျင့်တရားအား
ဖြင့် သာသူ၊ စိတ်တည်ငြိမ်အေးချမ်းမှုအားဖြင့်
သာသူ၊ အသိအလိမ္မာ ဉာဏ်ပညာအားဖြင့်သာ
သူကို ပေါင်းသင်းရပေမည်။ သို့မဟုတ်မိမိနှင့်
ကိုယ်ကျင့်တရားတူသူ စိတ်တည်ငြိမ်အေးချမ်း
မှုအားဖြင့်တူသူ၊ အသိလိမ္မာဉာဏ်ပညာအား
ဖြင့်တူသူကို ပေါင်းသင်းရပေမည်။

အကယ်၍ မိမိထက်သာသူနှင့် မိမိနှင့်တန်းတူ
ပုဂ္ဂိုလ်ကိုမတွေ့လျှင် မိမိအောက်ယုတ်နိမ့်လျော့
ကျသူကို မပေါင်းသင်းသင့်ပေ။ မိမိအောက်ယုတ်
နိမ့်အောက်ကျသူကို ပေါင်းသင်းလျှင် ယခုလက်
ရှိဘ၀နှင့် တမလွန်ဘ၀တို့သည် အကောင်းဘက်
သို့ဦးမတည်တော့ဘဲ ဆုံးရှုံးပျက်စီးခြင်းသို့သာ
ဦးတည်သွားနိုင်၏။ ထို့ကြောင့် မိမိအောင် ယုတ်
နိမ့်အောက်ကျသူနှင့် ပေါင်းသင်းမည့်အစား မိမိ
တစ်ယောက်တည်း နေရသည်က မြင့်မြတ်သေး၏။

ဤသို့အပေါင်းအသင်းကောင်းတွေကို ရွေးချယ်
စိစစ်၍ ပေါင်းသင်းသည့်အခါ လက်ရှိဘ၀ကောင်း
ကျိုးနှင့် တမလွန်ဘ၀ကောင်းကျိုးတို့မှာ အမှန်ပင်
ရရှိမည်ဖြစ်၏။

တစ်ခါက သူတော်ကောင်းတစ်ဦးကိုမှီခိုချဉ်းကပ်
သဖြင့် တာဝတိံသာနတ်ပြည်ရောက်သွားကြသော
နတ်သားတို့သည် သူတော်ကောင်းတို့၏ ကျေးဇူး
ဂုဏ်ကို ချီးကျူးလိုသည့်အတွက် ဘုရားရှင်ထံလာ
ရောက်ကြ၍ ပထမနတ်သားက
မြတ်စွာဘုရား ဘယ်သတ္တ၀ါပဲဖြစ်ဖြစ် သတ္တ၀ါမှန်
သမျှ သူတော်ကောင်းတွေနဲ့သာ နေထိုင်သင့်ပါ
တယ်။ ပေါင်းသင်းသင့်ပါတယ်။ အဲဒီလိုသူတော်
ကောင်းတွေနဲ့ပေါင်းသင်းတဲ့အတွက် သူတော်
ကောင်းတရားတွေသိရလို့မြင့်မြတ်လှပါတယ်ဘုရား။
ယုတ်မာသူမဖြစ်နိုင်ပါဘုရားဟု သူ့အမြင်သူ့အထင်
နှင့် သူ့ကိုယ်တွေ့အရလျှောက်ထား၏။

ဒုတိယနတ်သားက
မြတ်စွာဘုရား သူတော်ကောင်းတွေကို ပေါင်းသင်း
သည့်အတွက် သူတော်ကောင်းတရားတွေသိရလို့
အသိအလိမ္မာဉာဏ်ပညာတွေရပါတယ်ဘုရား။
လူမိုက်တွေဆီကတော့ အသိအလိမ္မာ ဉာဏ်ပညာ
တွေ မရနိုင်ပါဘုရားဟုလျှောက်ထားပြန်၏။

တတိယနတ်သားက
မြတ်စွာဘုရား သူတော်ကောင်းတွေကို ပေါင်းသင်း
တဲ့အတွက် သူတော်ကောင်းတရားတွေသိရလို့
စိုးရိမ်သောကဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့အလယ်
မှာ စိုးရိမ်သောက မဖြစ်ဘဲ၊ အေးချမ်းတည်ငြိမ်စွာ
နေရပါတယ်ဘုရားဟုလျှောက်ထားပြန်၏။

စတုတ္ထနတ်သားက
မြတ်စွာဘုရား သူတော်ကောင်းတွေကို ပေါင်းသင်း
ရတဲ့အတွက် သူတော်ကောင်းတရားတွေသိရလို့
ဆွေမျိုးတွေရဲ့အလယ်မှာ တင့်တင့်တယ်တယ်နေ
ရပါတယ်ဘုရားဟု လျှောက်ထားပြန်၏။

ပဉ္စမနတ်သားက
မြတ်စွာဘုရား သူတော်ကောင်းတွေကို ပေါင်းသင်း
ရတဲ့အတွက် သူတော်ကောင်းတရားတွေသိရလို့
မြင့်မြတ်လှတဲ့ သုဂတိဘ၀သို့ရောက်ကြရပါတယ်
ဘုရားဟု လျှောက်ထားပြန်၏။

ဆဋ္ဌမနတ်သားကလည်း
မြတ်စွာဘုရား သူတော်ကောင်းတွေကို ပေါင်းသင်းရ
တဲ့အတွက် သူတော်ကောင်းတရားတွေသိရလို့ စည်း
စိမ်ချမ်းသာတွေရေရှည်တည်တံ့ပါတယ်ဘုရားဟု
လျှောက်ထားပြန်၏။

နတ်သားခြောက်ယောက်တို့သည် သူတော်ကောင်း
တို့၏ဂုဏ်ကျေးဇူးကို သူတို့အမြင်၊ သူတို့အသိ၊ သူ
တို့၏ကိုယ်တွေ့အရ မြတ်စွာဘုရားကို လျှောက်ထား
ခင်းဖြစ်၏။ ထိုလျှောက်ထားချက်များသည် သူတို့အ
မြင်၊ သူတို့အသိ သူတို့၏ကိုယ်တွေ့များဖြစ်သည့်
အတွက် အမှန်ချည်းသာဖြစ်ပါ၏။ သို့သော် သူတို့
၏ ကိုယ်တွေ့သည်ပြည့်စုံသော ကိုယ်တွေ့မဟုတ်
သေးပေ။ ထို့ကြောင့်မြတ်စွာဘုရားက

အိုနတ်သားတို့ သူတော်ကောင်းတွေကို ပေါင်းသင်း
တဲ့အတွက် သူတော်ကောင်းတရားတွေသိရလို့ ခပ်
သိမ်းသောဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်တယ်ဟု
ဟောတော်မူ၏။ မြတ်စွာဘုရားဟောကြားတော်မူ
သောတရားတော်သည် နတ်သားခြောက်ယောက်
တို့၏လျှောက်ထားချက်ထက်ပြီးပြည့်စုံသွား၏။
လိုရင်းကို တိုရှင်းနှင့်မိန့်ဆိုထားခြင်းဖြစ်၍ စကား
ပြောနည်းအတတ်ပညာကို လေ့လာနေသူတို့အ
တွက် မှတ်သားဖွယ်နည်းယူဖွယ်ကောင်းလှပါ၏။

ထိုနတ်သားခြောက်ယောက်တို့၏လျှောက်ထား
ချက်နှင့် ဘုရားရှင်၏မိန့်မြွက်ချက်တို့ကို ကြည့်ခြင်း
အားဖြင့် သူတော်ကောင်းကိုပေါင်းသင်းသဖြင့်
လောကစီးပွားရေး၊ ပညာရေးစသည့် လောကီ
အရေးဟူသမျှကိုလည်း ကျော်လွှား၍ အောင်မြင်
နိုင်ကြောင်းတွေ့ရ၏။ လောကုတ္တရာ ဓမ္မအရေး
တို့၌လည်း အခက်အခဲမရှိပြည့်စုံနိုင်ကြောင်းတွေ့
ရ၏။

သူတော်ကောင်းသည် လောကီ၊ လောကုတ်
နှစ်ဖြာသော အကျိုးစီးပွားဖြစ်ထွန်းအောင်မြင်
ရန်အတွက် အထောက်အကူပြုသည်မှာ အနည်း
ငယ်မျှသာမဟုတ်၊ အားလုံးအပြည့်အစုံပင်ဖြစ်ပါ၏။
ထို့ကြောင့်ကျွန်ုပ်တို့သည် ကောင်းခြင်းရရေး
အတွက် အပေါင်းအသင်းကောင်းဖြစ်သော
သူတော်ကောင်းကို မှီဝဲချဉ်းကပ်ကြပါစို့။

တက္ကသိုလ်စောဘုန်း
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၀၃ခုနှစ် ဇန်နဝါရီလ။

ဓမ္မစာပေများ

ไม่มีความคิดเห็น:

แสดงความคิดเห็น